သွေးတိုးရှိလာရင် ဘာတွေစားကြမလဲ
သွေးတိုးရောဂါဟာ ဒီနေ့ကာလမှာ အဖြစ်များလှတဲ့ ရောဂါပါ။ နေထိုင်စားသောက်မှုပုံစံတွေနဲ့ စိတ်ဖိစီးမှုတွေကြောင့် ပိုမိုအဖြစ်များလာပြီး ဂရုတစိုက်ကုသ၊ ကျန်းမာအောင် နေထိုင်စားသောက်မှု မရှိရင် နောက်ဆက်တွဲ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ထိခြင်း စသည်တို့ကြောင့် အသက်အန္တရာယ် အချိန်မရွေး ဖြစ်နိုင်တဲ့ ရောဂါဆိုလည်း မမှားပါဘူး။ သွေးတိုးရောဂါ ရှိလာပြီ ဆိုရင် ပျောက်ကင်းတဲ့ဆေး မရှိသေးတာမို့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်မလာအောင်သာ ထိန်းထားနိုင်မှာပါ။
လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားနည်းလာတာကြောင့် သွေးတိုးဖြစ်နိုင်ခြေ ပိုမိုမြင့်မားလာပါတယ်။ အသက်ကြီးလာတာကို ဘယ်သူမှ မတားနိုင်ပေမယ့် မိမိရဲ့ သွေးပေါင်ချိန်ကို ထိန်းညှိဖို့တော့ လူတိုင်းလုပ်နိုင်ပါတယ်။
ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်လို့ အဆိုရှိပါတယ်။ မိမိက သွေးတိုးဖြစ်နိုင်ခြေများတဲ့သူ (အဝလွန်တဲ့သူ၊ ဆားနဲ့ တိရိစ္ဆာန်အဆီတွေ အလွန်အကျွံ စားသုံးပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက် လုံလောက်အောင် မစားသုံးတဲ့သူ၊ ကိုက်လက်လှုပ်ရှား လေ့ကျင့်ခန်း လုံလောက်အောင် မလုပ်တဲ့သူ၊ အရက်နဲ့ ကော်ဖီ အလွန်အကျွံ သောက်သုံးသူ၊ ဆေးလိပ်သောက်သူ၊ အိပ်ချိန်မလုံလောက် အိပ်ရေးဝအောင် မအိပ်တဲ့သူ၊ အသက် ၆၅နှစ်အထက် လူကြီးများ၊ စိတ်ဖိစီးမှုများတဲ့သူ၊ ဆီးချိုနဲ့ ကျောက်ကပ်ရောဂါ အခံရှိသူ၊ သွေတိုးမျိုးရိုး ရှိသူ) ဆိုရင် နေထိုင်စားသောက်မှု ပုံစံပြောင်းခြင်း (Lifestyle Changing) ဖြင့် သွေးတိုးမဖြစ်အောင် ကာကွယ်နိုင်သလို သွေးတိုးရှိပြီးသားသူတွေကလည်း နောက်ဆက်တွဲ ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။
ဒါဆိုရင် သွေးတိုးသမားတွေ ဘာတွေစားသင့်လဲ ကြည့်ရအောင်...။
စားပေးသင့်သည်များ
-
ဟင်းသီးဟင်းရွက် နဲ့ သစ်သီးများ
ဟင်းသီးဟင်းရွက် နဲ့ သစ်သီးများမှာ ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ သွေးဖိအားကို ထိန်းညှိပေးတယ်။ လတ်ဆတ်တာ၊ အအေးခံထားတာ၊ အခြောက်ခံထားတာမျိုး စားနိုင်သလို ဖျော်ရည်အနေနဲ့ သောက်တာ၊ စည်သွပ်ထားတာတွေလည်း စားလို့ရပါတယ်။ စည်သွပ်ထားတာဆိုရင်တော့ ကြာရှည်ခံအောင် ပြုလုပ်ထားလို့ ဆိုဒီယမ်နဲ့ သကြားတွေ များနေနိုင်တာကို သတိပြုပါ။
-
နို့နဲ့ နို့ထွက်ပစ္စည်းများ...
နို့နဲ့ နို့ထွက်ပစ္စည်းများမှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာ ပါဝင်လို့ နှလုံးညှစ်အား ကောင်းစေပါတယ်။
စားသုံးမယ် ဆိုရင်တော့ အဆီထုတ်ထားတဲ့နို့၊ ဒိန်ချဥ် နဲ့ ဒိန်ခဲမျိုးကို ရွေးချယ်ရမယ်နော်။
-
အစေ့အဆန်များ...
အစေ့အဆန်တွေက ရတဲ့ အညိုရောင် ပေါင်မုန့်၊ ဆန်လုံးညို၊ ပါစတာ၊ ကွေကာအုတ် စတာတွေမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ် နဲ့ မက်ဂနီဆီယမ်တွေ များစွာ ပါဝင်လို့ နှလုံးနဲ့ သွေးဖိအားအတွက် အထောက်အကူပြုပါတယ်။
-
အဆီကြွယ်ဝတဲ့ ပင်လယ်ငါးများ...
ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးတို့လို အဆီကြွယ်ဝတဲ့ ပင်လယ်ငါးတွေမှာ omega 3 fatty acids ကြွယ်ဝတာကြောင့် သွေးတိုးနှလုံးသမားတွေ စားသင့်တဲ့ အစားအစာပါ။
-
အဆီမပါတဲ့ အသားများ...
အသားတွေ စားတဲ့အခါ အရေခွံတွေ၊ အဆီတွေမပါအောင် သတိထားရပါတယ်။
-
အခွံမာသီး နဲ့ ပဲအမျိုးမျိုး...
အခွံမာသီးတွေ၊ အစေ့တွေ နဲ့ ပဲအမျိုးမျိုးမှာ အသားဓာတ်နဲ့ ဗိုက်တာမင်တွေ စုံလင်စွာ ပါလို့ စားသင့်ပါတယ်။
-
ဟင်းသီးဟင်းရွက်မှ ရသောဆီများ...
ဆီအနေနဲ့ နေကြာဆီ၊ သံလွင်ဆီ၊ ပဲပိစပ်ဆီတို့လို ဟင်းသီးဟင်းရွက်များက ရတဲ့ဆီကိုသာ သုံးစွဲပါ။
ရှောင်သင့်တဲ့ အစားအစာတွေ
ရှောင်သင့်တာတွေ....
-
ဆားနဲ့ အငန်ဓာတ်ပါသော အစားအစာများ လျှော့စားပါ။
-
တိရိစ္တာန်အဆီတွေ၊ ပြည့်ဝဆီတွေ ရှောင်ပါ။
-
လက်ဖက်ရည်၊ ကော်ဖီနဲ့ ကဖင်းဓာတ်ပါသော အချိုရည်များ လျှော့သောက်ပါ။
ဒါတွေအပြင် ဆေးလိပ်ဖြတ်တာ၊ အရက်အလွန်အကျွံမသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ စိတ်ဖိစီးမှုနည်းအောင် နေထိုင်တာတွေ လုပ်ရင် သွေးတိုးရောဂါနဲ့ ကောင်းမွန်စွာ အတူယှဥ်တွဲ နေထိုင်နိုင်မှာပါ။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး လိုအပ်တဲ့ ဆေးသောက်သုံးတာ၊ ကုသမှုခံယူတာလည်း လုပ်ဖို့ အကြံပေးပါရစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။